Review

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သည်းထိတ်ရင်ဖို အိန္ဒိယစစ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ "Bhuj: The Pride of India" လို့အမည်ရတဲ့ ဒီရုပ်ရှင်ဟာ ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲရဲ့ အရေးပါတဲ့ အဖြစ်အပျက်တစ်ခုကို ပုံဖော်ထားတာပါ။ မင်းသား Ajay Devgn, Sanjay Dutt နဲ့ မင်းသမီး Sonakshi Sinha တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်ထားတာကြောင့် သရုပ်ဆောင်ပိုင်းကလည်း ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။

ဇာတ်လမ်းအကျဉ်း

၁၉၇၁ ခုနှစ်ရဲ့ စစ်မီးတောက်နေတဲ့ကာလမှာ ဗိုလ်မှူးကြီး ဗီဂျေး ကာရ်နစ်ခ် (Vijay Karnik) ရဲ့ လက်အောက်မှာရှိတဲ့ ဘူဂျ်လေတပ်စခန်းဟာ ပါကစ္စတန်လေတပ်ရဲ့ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။ ရလဒ်အနေနဲ့ လေယာဉ်ပြေးလမ်းတွေဟာ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး အိန္ဒိယရဲ့ လေကြောင်းရန် ကာကွယ်ရေးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ဒီကြားထဲမှာပဲ တင့်ကားအပြည့်အစုံနဲ့ အင်အားအလုံးအရင်းပါတဲ့ ပါကစ္စတန်ကြည်းတပ်ဟာ နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာဖို့ ပြင်ဆင်နေပါပြီ။ နယ်စပ်မှာရှိတဲ့ အိန္ဒိယနယ်ခြားစောင့်တပ်တွေဟာ ပါကစ္စတန်ရဲ့ ကြီးမားတဲ့အင်အားကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ တခြားတပ်ရင်းတွေကနေ ရဟတ်ယာဉ်တွေနဲ့ စစ်ကူပို့ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ပါကစ္စတန်ရေတပ်က အမြောက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ရဟတ်ယာဉ်တွေ ဝေဟင်မှာ မပျံရဲတော့ပါဘူး။

ဘူဂျ်စခန်းသာ ပါကစ္စတန်လက်ထဲ ကျသွားခဲ့ရင် တခြားအရေးပါတဲ့နေရာတွေပါ အလွယ်တကူ လက်လွှတ်လိုက်ရနိုင်တာကြောင့် ဒီနေရာကို မဖြစ်မနေ ကာကွယ်ဖို့ လိုအပ်နေပါတယ်။ စစ်ရေးအရ အလွန်အမင်း အရေးနိမ့်နေတဲ့ အခြေအနေမှာ အိန္ဒိယတပ်မတော်ဟာ စစ်ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် နောက်ဆုံးနည်းလမ်းတစ်ခုကို အားကိုးရပါတော့တယ်။

သူတို့ ဘယ်လိုကြိုးစားခဲ့ကြမလဲ။ သူတို့ရဲ့ အစီအစဉ်တွေ အထမြောက်ပါ့မလား။ သည်းထိတ်ရင်ဖို စစ်ပွဲရဲ့ အခြေအနေတွေက ဘယ်လိုလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ပုံဖော်ထားတာပါ။ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းဟာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ သမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ရိုက်ချက်တွေ အလွန်အမင်း အဆင့်အတန်းမြင့်မားပြီး စွဲမက်ဖွယ်ကောင်းတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ဇာတ်လမ်းအစအဆုံးကို ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ပါတော့!
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်