Review
"Red Sleeve" ကြည့်ရှုပြီး မျက်ရည်တွေနဲ့ ဝမ်းနည်းခဲ့ရတဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းလေးတစ်ခု လာပါပြီ! ယခုတစ်ခါမှာတော့ မင်းသားချော Lee Jun Ho ရဲ့ "King the Land" လို့ အမည်ရတဲ့ ဟာသဇာတ်နှော ရိုမန့်စ် ဇာတ်ကားအသစ်ကို ဒီနေ့ပဲ စတင်ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မင်းသမီးကလည်း ပြည်သူ့အချစ်တော် Girls' Generation အဖွဲ့ဝင် Yoona ဖြစ်တာကြောင့် ကြည့်ရှုသူတိုင်း မျက်စိအေးချမ်းစေမယ့် လှပတဲ့ စုံတွဲလေးကို အားရပါးရ ကြည့်ရှုရမှာ ဖြစ်လို့ ရင်ခုန်စရာပါပဲနော်။
ဒီလို ချစ်စရာကောင်းတဲ့ စုံတွဲလေးရဲ့ ဇာတ်လမ်းအကြောင်းကို ပြောရမယ်ဆိုရင်တော့ နာမည်ကျော်ကြားတဲ့ King Hotel ရဲ့ ပိုင်ရှင်သူဌေးကြီးရဲ့သား ဂူဝန်ဟာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အခြားသူတွေနဲ့ လုံးဝမတူတဲ့ အပြုအမူအကျင့်စရိုက်ရှိသူပါ။ လုပ်ငန်းကို ဆက်ခံမယ့်သူတစ်ဦးအနေနဲ့ လုပ်ငန်းရဲ့ သဘောတရားတွေကို လေ့လာသင်ယူဖို့အတွက် King Hotel မှာ အလုပ်သင်တစ်ယောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဆာရန်းဆိုတဲ့ ကောင်မလေးက သွက်လက်ထက်မြက်ပြီး သူမကို ထိလို့ကတော့ ပြန်လည် တုံ့ပြန်တတ်သလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ။ ဟိုတယ်ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့ သူမဟာ တစ်နေ့မှာတော့ King Hotel မှာ အလုပ်ရရှိခဲ့ပြီး သူမရဲ့ အိပ်မက်ဟာ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ King Hotel မှာ ဂျစ်ကန်ကန် သူဌေးသားလေးနဲ့ ခပ်စွာစွာ ကောင်မလေးတို့ရဲ့ ရေစက်ဟာ စတင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အစပိုင်းမှာရှိတဲ့ ဘုနဲ့ဘောက်တွေ၊ ကတောက်ကဆတွေကနေ ဘယ်လို ချစ်ကြည်နူးဖွယ် ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကိုတော့...
ကဲ! အချိန်မဆွဲတော့ဘူး။ အခုပဲ ကြည့်ရှုလိုက်ကြရအောင်!